Best Upcoming Games of 2018 Part III

On Dec 21, 2017 04:49 pm, by admin

           ရှေ့ article တွေမှာလည်း 2018 မှာထွက်မယ့် hype ဖြစ်နေတဲ့ game တွေ၊ နာမည်ကြီး sequel တွေကို ဖော်ပြလာခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါတော့ ကျန်ရှိနေသေးတဲ့ game တွေအပြင် PlayStation exclusive games တွေကို ရေးသားဖော်ပြ ပေးလိုက်ပါတယ်။

 

Shenmue III

          Deep Silver မှနေပြီးတော့ Shenmue saga အတွက် တတိယမြောက် game ကို 2018 မှာဖြန့်ချီပေးမယ် ဆိုပြီးတော့ ကြေငြာထားတာ တော်တော်ကြာပါပြီ။ 1999 တုန်းက ပထမဆုံးထုတ်ဝေခဲ့တဲ့ Shenmue ဟာ အဲ့ခေတ်အခါက ထုတ်လုပ်မှုအပိုင်းမှာ ကုန်ကျမှုအများဆုံး game တစ်ခုအဖြစ်စာရင်းဝင်ခဲ့ပေမယ့် စီးပွားရေးအရ မအောင်မြင်ခဲ့ရရှာပါဘူး။ Action adventure, role playing နဲ့ life simulation တို့ကိုအချိုးကျကျ ပေါင်းစပ်ထားတဲ့ Shenmue game တွေဟာ ကောင်းမွန်တယ်ဆိုပေမယ့် လူသိနည်းခဲ့တာကြောင့် ထိုက်သင့်သလောက် အောင်မြင်မှုမရခဲ့ရရှာပါဘူး။ အဲ့လိုမအောင်မြင်ခဲ့တာကြောင့် Shenmue III ဟာမျှော်မှန်းထားတာထက် ထွက်ရှိဖို့တော်တော်လေး ကြန့်ကြာခဲ့ရပါတယ်။ သို့သော်လည်း ဖန်တွေရဲ့ ငွေအားလူအားထောက်ပံ့နိုင်ခဲ့မှုတွေကြောင့် Shenmue III ဟာမကြာခင်မှာဘဲ gamer တွေလက်ထဲကို ရောက်ရှိတော့မှာဖြစ်ပါတယ်။

          Shenmue III မှာတော့ player ဟာ Ryo Hazuki ဆိုတဲ့ martial artist နေရာကနေပြီး ဆော့ကစားရမှာ ဖြစ်ပါတယ်။ Shenmue II events တွေအပြီး 1987 ခုနှစ်မှာ အဓိကဇာတ်အိမ်တည်ထားတဲ့ Shenmue III မှာတော့ Ryo ဟာသူ့အဖေကို သတ်သွားတဲ့ လူသတ်သမားတစ်ယောက်ဖြစ်တဲ့ Lan Di ဆိုတဲ့သူကို လိုက်လံရှာဖွေရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ရှာပုံတော်ခရီးစဉ်မှာ Ling Shenhua ဆိုတဲ့ မိန်းကလေးတစ်ဦးနဲ့ အမှတ်မထင်ဆုံပြီး နှစ်ယောက်သား Lan Di ကိုလိုက်ရှာဖို့ ဘယ်လိုအကြောင်းဖန်လာမလဲဆိုတာကို ကစားရမှာပါ။ သို့သော် Shenmue III မှာတော့ အရင်လို Japan မှာဇာတ်အိမ်တည်ထားတာ မဟုတ်ဘဲ တရုတ်ပြည်၊ Guilin တောင်တန်းဒေသက Bailu ရွာလေးမှာ စတင်ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ သို့သော် အရင် game တုန်းက character အချို့လည်း ပြန်လည်ပါဝင်လာဦးမယ်လို့ ပြောထားတာကြောင့် ဘယ်နည်းဘယ်ပုံနဲ့ ပြန်လည်ပါဝင်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ Gameplay အနေနဲ့ကတော့ အရင်အတိုင်းဘဲ hand to hand combat ကိုအသားပေးထားပြီး in game အတွင်းမှာ ကိုယ့်ရဲ့ combat ability တွေကိုလည်း upgrade လုပ်နိုင်မှာ ဖြစ်ပါတယ်။ Explore လုပ်ဖို့အတွက်လည်း တရုတ်ပြည်က ရွာလေးတွေအပြင် စိတ်ဝင်စားဖွယ် NPC နဲ့ activity တွေပြည့်နေတဲ့ world တစ်ခုထည့်သွင်းပေးထားမယ်လို့ ပြောထားပါတယ်။ Action adventure နဲ့ role playing အပြင် life simulation ကိုပါပေါင်းစပ်ထားတဲ့ Shenmue III ဟာဘယ်လိုပုံစံနဲ့ ဆော့ကစားရမလဲဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့် ရဦးမှာပါ။ သို့သော်လည်း အရင် game တွေတုန်းက ထိုက်သင့်သလောက်အောင်မြင်မှု မရခဲ့တဲ့အတွက် Shenmue III ဟာ အားနည်းချက်တွေကို သင်ခန်းစာယူပြီး လူတိုင်းကြိုက်နိုင်မယ့် game တစ်ခုဖြစ်လာမလား၊ သူ့ရဲ့ fan တွေအတွက်ဘဲ အဓိကဦးတည်ထားတဲ့ game တစ်ခုဖြစ်လာမလား ဆိုတာကတော့ သေသေချာချာမသိရသေးပါဘူး။ Shenmue III ကိုတော့ PlayStation နဲ့ PC platform နှစ်ခုအတွက်ကို 2018 အတွင်းဖြန့်ချီပေးမယ်လို့ ကြေငြာထားပါတယ်။

 

The Last of Us Part II

          PlayStation exclusive game ကောင်းကောင်းတွေပြောစမ်းဆိုတာနဲ့ လူတိုင်းက The Last of Us ကိုပြေးမြင်ကြရလောက်အောင် ကောင်းခဲ့တဲ့ game တစ်ခုပါ။ 2013 တုန်းက ထွက်ရှိခဲ့တဲ့ The Last of Us ဟာ PC master race တွေကို မနာလိုအောင်လုပ်နိုင်ခဲ့တဲ့ game တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကောင်းမွန်လှတဲ့ story ပိုင်းနဲ့အတူ gameplay ဟာလည်း ထပ်တူကျကောင်းမွန်ခဲ့တာမို့လို့ လူတိုင်းက sequel ကိုဘယ်တော့ထွက်မလဲလောက် မေးနေကြတယ်လို့ပြောရင် အံ့သြစရာမရှိပါဘူး။ The Last of Us Part II ကိုတော့ အရင် game ရဲ့ event အပြီး ငါးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းပုံစံကိုတော့ မသိရသေးဘူးဆိုပေမယ့် fan theory နဲ့ trailer အရတော့ Joel တစ်ယောက်သေဆုံးပြီးနောက် Ellie တစ်ယောက် တစ်ခုခုကို စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံပါဘဲ။ ပြီးတော့ Ellie တစ်ယောက် Joel ကိုမသေသေးဘူးဆိုပြီး စိတ်ကူးယဉ်နေတဲ့ ပုံပေါက်နေတာကြောင့် storyline ဟာ gamer တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ သို့သော်လည်း Joel သေမသေကလည်း fan theory တွေအနေနဲ့ဘဲ တွေ့ရသေးတာမို့လို့ The Last of Us Part II မှာ ဘယ်လိုဘယ်ပုံလာမလဲဆိုတာကတော့ developer တွေကလွဲပြီး ဘယ်သူမှမသိရ သေးပါဘူး။ Part I လိုမျိုးဘဲ action adventure နဲ့ survival horror game အမျိုးအစားတစ်ခုအဖြစ် မြင်တွေ့ရမယ်လို့ ပြောထားတဲ့အပြင် single player ကိုဘဲ အဓိကအသားပေးမယ်လို့ ကြေငြာထားပါတယ်။ အရင်လိုဘဲ zombie လိုမျိုးအသိစိတ်ပျောက်နေတဲ့ လူတွေကြားမှာ third person ရှုထောင့်ကနေပြီး survival ဆန်ဆန်ဆော့ကစားရဖွယ် ရှိပါတယ်။ The Last of Us Part II မှာတော့ Ellie ကိုအဓိက ထိန်းချုပ်ကစားရဖို့ အလားအလာများပါတယ်။ လက်နက်တွေအနေနဲ့ကတော့ ရှေ့ game ကလက်နက်တွေအပြင် အသစ်တွေထပ်မံပါဝင်လာမယ်လို့ ပြောကြားထားပါတယ်။ ထို့အပြင် stealth mode ကိုလည်း အရင်ကထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားတာတွေကို မြင်တွေ့ရဖို့ ရာနှုန်းများပါတယ်။ The Last of Us Part II အတွက် multiplayer mode ကိုတော့ တရားဝင်ကြေငြာထားခြင်း မရှိသေးပေမယ့် The Last of Us Part I မှာတောင်ပါဝင်ခဲ့တယ်ဆိုတော့ Part II မှာလည်း ပါဝင်လာနိုင်ပါတယ်။ သို့သော်လည်း Naughty Dog နဲ့ Sony Entertainment မှ တရားဝင်ဖြန့်ချီမယ့် ရက်အတိအကျကို မကြေငြာသေးတဲ့အပြင် အခန့်မသင့်ရင် 2019 ဘက်ကိုပါ ကူးသွားနိုင်တာကြောင့် အရမ်းကြီး မမျှော်ပါနဲ့ဦးလို့ ပြောပါရစေ။ ငါးနှစ်လောက်အချိန်ယူပြီး develop လုပ်ထားတဲ့ game တစ်ခုဟာ စောင့်ရတဲ့အချိန်နဲ့ တန်ပါ့မလား၊ PlayStation စက်တစ်လုံး ဝယ်ပြီးဆော့ရလောက်အောင် ကောင်းမွန်ပါ့မလားဆိုတာကတော့ The Last of Us Part II ထွက်မှဘဲ သိနိုင်မှာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် လူတိုင်းကတော့ Joel နဲ့ Ellie ကိုအတူတူ ပြန်တွေ့ချင်ကြဦးမှာပါ။ အဲ့အတွက်လည်း အရမ်းကြီး မမျှော်လင့်ထားဖို့ ပြောပါရစေ။

 

God of War

          The Last of Us ကိုမသိဘူးဆိုရင်တောင်မှ God of War ကိုတော့ လူတိုင်းသိကြမှာပါ။ Dota နဲ့ Counter Strike တွေသိပ်ခေတ်မစားခင်တုန်းက gamer တွေဆိုင်မှာသွားသွားဆော့ကြရတဲ့ အသည်းကျော် franchise တစ်ခုပါဘဲ။ Kratos နဲ့အတူ ကြီးပြင်းခဲ့တဲ့ gamer တွေဟာလည်း ယခုအချိန်အထိ လက်ညိုးထိုးမလွဲ ပါဘဲ။ 2015 တုန်းက God of War III remastered အပြီးတည်းက မတွေ့ရတော့တဲ့ Kratos ကြီးကို God of War (2018) မှာတော့ ပါးသိုင်းမွှေးကြီးနဲ့ အပြင် သူ့သားဖြစ်တဲ့ Atreus နဲ့အတူ ပြန်လည်မြင်တွေ့ရဦးမှာပါ။ Greek pantheon ကြီးတစ်ခုလုံးကို အမှုန့်ကြိတ်ခဲ့တဲ့ Kratos ကိုတော့ အခုထွက်မယ့် God of War မှာ Norse ဒဏ္ဍာရီထဲက နတ်ဘုရားတွေနဲ့ အတူတွေ့မြင်ရမှာပါ။ Norse နတ်ဘုရားတွေဖြစ်တဲ့ Odin တို့ Thor တို့ကရော Kratos ကိုယှဉ်နိုင်ပါ့မလား ဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့် ရဦးမှာပါဘဲ။

          God of War (2018) ဟာအရင်လိုဘဲ third person ရှုထောင့်ကနေ ဆော့ရတဲ့ action adventure game ပုံစံမျိုးအဖြစ် ပြန်လည်မြင်တွေ့ရဦးမှာပါ။ သို့သော်လည်း gameplay ပုံစံကတော့ အရင် game တွေနဲ့မတူဘဲ တော်တော်လေးကွဲထွက်နေမယ်လို့ ပြောကြားထားပါတယ်။ ထို့အပြင် 2013 တုန်းကထွက်ခဲ့တဲ့ Ascension တုန်းက multiplayer mode ကိုတွေ့ခဲ့ရတယ် ဆိုပေမယ့် God of War (2018) ကိုတော့ single player game စစ်စစ်တစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Kratos ကိုအရင်လို double-chained blades နှစ်လက်နဲ့တွေ့မြင်ရတော့မှာ မဟုတ်ဘဲ Leviathan Axe လို့ခေါ်တဲ့ မှော်ဝင်ပေါက်ဆိန်ကြီးနဲ့ စတင်မြင်တွေ့ရတော့မှာပါ။ ပြီးတော့ လိုအပ်တဲ့အချိန်မှာ ဒိုင်းအဖြစ်သုံးနိုင်ပြီး တခြားအချိန်မှာ လက်မောင်းအထက်မှာ သံချပ်ကာပုံစံဝတ်ဆင်နိုင်တဲ့ shield ကိုလည်း အသုံးပြုနိုင်မှာပါ။ Game တစ်လျှောက်မှာတော့ player ဟာ Kratos ကိုဦးစားပေး ထိန်းချုပ်ကစားရမှာ ဆိုပေမယ့် တစ်ခါတစ်လေမှာ သူ့သား Atreus ကိုထိန်းချုပ်ကစားနိုင်မှာပါ။ Atreus ရဲ့အဓိက လက်နက်အနေနဲ့ လေးနဲ့မြှားကို အဓိကအသုံးပြုပြီး ဆော့ကစားရမှာ ဆိုပေမယ့် နောက်ထပ် magical ability တွေပါဝင်ဦးမလား ဆိုတာကိုတော့ မကြေငြာထားသေးပါဘူး။ PlayStation exclusive ဖြစ်တဲ့ God of War ကိုတော့ 2018 အတွင်းမှာ ဖြန့်ချီပေးမယ်လို့ Sony Entertainment ကပြောကြားထားပါတယ်။ Odin နဲ့ Kratos တို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ပါဝင်လာနိုင်တာကြောင့် God of War ဟာစောင့်ရကျိုးနပ်တဲ့ game တစ်ခုဖြစ်လာနိုင်ပါတယ်။

 

Spider-Man

          ယခုအချိန်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ comic culture တွေပြန်လည် ခေတ်စားလာပြီဆိုပေမယ့် open world superhero game တွေဟာ ထင်သလောက် မထွက်ရှိလာခဲ့ပါဘူး။ 2017 တုန်းက superhero game ကောင်းကောင်းဆိုလို့ DC ရဲ့ Injustice 2  တစ်ခုလောက်နဲ့ ကျေနပ်ခဲ့ရတဲ့ superhero game fan တွေအတွက်တော့ 2018 မှာတော့ အားလုံးရဲ့ အချစ်တော် Spider-Man ကို PlayStation exclusive game တစ်ခုမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Single player နဲ့ action adventure game တစ်ခုဖြစ်တဲ့ Spider-Man (2018) မှာတော့ အဓိကဇာတ်ကောင် Peter Parker ကိုထိုက်သင့်သလောက် ရင့်ကျက်နေပြီဖြစ်တဲ့ character တစ်ယောက်အနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Third person ရှုထောင့်ကနေ ဆော့ကစားရမယ့် Spider-Man (2018) မှာတော့ အဓိက ဗီလိန်အဖြစ် Kingpin (Wilson Fisk) ပါဝင်မယ်လို့ပြောထားပေမယ့် နောက်ထပ်တခြား ဘယ်သူတွေပါဝင်ဦးမလဲ ဆိုတာကိုတော့ မပြောသေးပါဘူး။ Spider-Man (2018) ဇာတ်လမ်းအစမှာတော့ Peter Parker ဟာ superhero သက်တမ်း ရှစ်နှစ်ကျော်ရှိပြီမို့လို့ Spider-Man origins ကိုတွေ့မြင်ရဖို့ အခွင့်အလမ်း သိပ်မရှိပါဘူး။ သို့သော်လည်း Spider-Man ရဲ့ origins ကို game တွေထဲမှာသာမက ဇာတ်လမ်းတွေထဲမှာပါ အမျိုးမျိုးအဖုံဖုံ မြင်တွေ့ပြီးပြီဖြစ်တာကြောင့် gamer တွေအတွက်တော့ ပါလည်းသိပ်ထူးဆန်းတော့မှာ မဟုတ်ပါဘူး။

          Game အတွင်းမှာဆိုရင်တော့ player ဟာ Spider-Man ရဲ့ ability တွေဖြစ်တဲ့ web shooting/ slinging တွေအပြင် နံရံကို တွယ်တတ်တဲ့ ability တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် အတွေ့အကြုံရှိတဲ့ Spider-Man တစ်ယောက်နေရာမှ ကစားရမှာဆိုတော့ အရင် game တွေမှာ မပါဝင်ခဲ့ဘူးတဲ့ ability တွေကို မြင်တွေ့ရဖို့ အလားအလာရှိပါတယ်။ Combat gameplay ကိုလည်း အရင်ကထက်ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမယ်လို့လည်း ကြေငြာထားပါတယ်။ Stealth ကိုလည်း ပိုမိုအသားပေး ကစားရနိုင်ပါတယ်။ ထို့အပြင် Spider-Man (2018) မှာတော့ တချိန်လုံး superhero လုပ်နေရမှာမဟုတ်ဘဲ Peter Parker နေရာကနေပြီး သာမန်လူတစ်ယောက်ရဲ့ ဘဝပုံစံတွေကိုလည်း ဆော့ကစားနိုင်မယ်လို့ ပြောထားပါတယ်။ Spider-Man (2018) ဟာ တခြား game တွေ၊ movies တွေနဲ့ ဆက်စပ်မှုရှိမှာ မဟုတ်တဲ့အတွက် သီးခြားလွတ်လပ်တဲ့ universe တစ်ခုအတွင်းမှ ဆော့ကစားရမှာ ဖြစ်တာကြောင့် လူတိုင်းအတွက် ဆော့ရတာ အဆင်ပြေမယ့် game တစ်ခု ဖြစ်လာနိုင်ပါတယ်။ Spider-Man (2018) ကိုတော့ 2018 အတွင်းဖြန့်ချီပေးမယ်လို့ Sony Entertainment မှပြောကြားထားပေမယ့် တရားဝင်ရက်အတိအကျတော့ မကြေငြာသေးတာကြောင့် အချိန်အနည်းငယ်တော့ စောင့်ရဦးမယ်လို့ မြင်မိပါတယ်။ Spidey ရဲ့ရန်သူတော် တော်တော်များများကို ပြန်လည်မြင်တွေ့ရမယ်ဆိုရင်တော့ Spider-Man (2018) ဟာ 2018 ရဲ့ ကောင်းမွန်တဲ့ PlayStation exclusive game တစ်ခုဖြစ်လာနိုင်ပါတယ်။ တကယ်လို့ Spider-Man (2018) သာအောင်မြင်ခဲ့မယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ open world superhero game တွေကို များများစားစားမြင်တွေ့နိုင်မှာ ဖြစ်တာကြောင့် စောင့်ရကျိုးနပ်တဲ့ game တစ်ခုအနေနဲ့ ထွက်လာပါစေလို့ဘဲ ဆုတောင်းရမှာပါဘဲ။

 

Kingdom Heart 3

          Mickey, Donald, Goofy တို့နဲ့အတူ စွန့်စားခန်း ထွက်ရတဲ့ Kingdom Heart sequel ဟာလည်း PlayStation ရဲ့ ရတနာတွေထဲက တစ်ပါးပါဘဲ။ Kingdom Heart saga ဟာ PlayStation exclusive game စစ်စစ်လို့ အခုအချိန်မှာ မပြောနိုင်ပေမယ့် gamer တော်တော်များများကတော့ PlayStation 2 ကြောင့် Kingdom Heart game တွေနဲ့ စတင်ထိတွေ့ခွင့်ရခဲ့ကြတယ် လို့ပြောရင်မှားမယ် မထင်ပါဘူး။ မနှစ်တုန်းက 2.8 Final Chapter Prologue ကိုဖြန့်ချီပေးခဲ့တယ် ဆိုပေမယ့် သိပ်ပြီးအားမရခဲ့ကြတဲ့ သူတွေရှိမှာပါ။ 2.8 Final Chapter Prologue ကိုအားရခဲ့သည်ဖြစ်စေ၊ အားမရခဲ့သည်ဖြစ်စေ KH fan တွေကတော့ Kingdom Heart 3 ကိုစောင့်မျှော်နေခဲ့တာ တော်တော်ကြာပြီဆိုတာ လူတိုင်းအသိပါဘဲ။ Kingdom Heart 3 ကိုတော့ အရင်လိုဘဲ Square Enix မှ ရေးဆွဲ develop လုပ်၊ တာဝန်ယူဖြန့်ချီပေးမှာ ဖြစ်ပြီး 2018 မကုန်ခင် ဖြန့်ချီပေးမယ်လို့ ကြေငြားထားတာ တစ်ခုဘဲရှိသေးတာကြောင့် gamer တွေအနေနဲ့ တစ်နှစ်နီးပါးလောက် စောင့်ရဦးမယ်ထင်ပါတယ်။ Kingdom Heart 3 ကိုလည်း အရင်လိုဘဲ single player action role playing video game တစ်ခုအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Gameplay နဲ့ combat system ကိုလည်း အရင်ကထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတယ်လို့ ပြောထားပါတယ်။ Player ထိန်းချုပ်ကစား နိုင်မယ့် main character အဖြစ် Sora ကိုပြန်လည်မြင်တွေ့ရမှာ ဖြစ်ပြီး Donald Duck နဲ့ Goofy တို့နှစ်ယောက်ကိုလည်း companion တွေအဖြစ်ပြန်လည် မြင်တွေ့ရမှာပါ။ King Mickey ကြီးကိုတော့ ဘယ်လိုပုံနဲ့ မြင်တွေ့ရမလဲ ဆိုတာကတော့ မသိသေးပါဘူး။ Kingdom Heart 3 မှာတော့ အများဆုံး five-player party အထိဖွဲ့နိုင်မယ်လို့ ကြေငြာထားပါတယ်။ အဲ့ဒီ companion တွေနဲ့ playable character တွေကိုတော့ world အနှံ့မှာ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

          Gameplay အပိုင်းမှာဆိုရင်တော့ wall running နဲ့ jumping တွေကို အသုံးပြုရတာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားတယ်လို့ ပြောထားပါတယ်။ အရင် game တုန်းက situation command mode ကိုလည်း Kingdom Heart 3 မှာအသုံးပြု နိုင်ဦးမှာပါ။ ထို့အပြင် ရန်သူအမျိုးအစားအသစ်တွေကိုလည်း ထည့်သွင်းပေးထားပြီး boss fight များကိုလည်း များများစားစားတွေ့ရဦးမယ်လို့ ပြောထားတာကြောင့် ဆော့ရတာကောင်းမွန်တဲ့ game တစ်ခုဖြစ်လာဖို့ အလားအလာရှိပါတယ်။ ပြီးတော့ dimension တစ်ခုကနေ နောက်တစ်ခုဆီကို သွားနိုင်တဲ့ The Gummi Ship လည်းပါဝင်ဦးမှာဆိုတော့ တခြား character အသစ်တွေကို မြင်တွေ့ရဦးမယ်ဆိုတာကတော့ ပြောစရာမလိုပါဘူး။ အခုအချိန်မှာတော့ Big Hero 6 နဲ့ Toy Story world တွေပါဝင်မယ်လို့ ပြောထားတာကြောင့် Woody နဲ့ Buzz တို့ကို Mickey တို့နဲ့ တွဲမြင်ခွင့်ရတော့မှာကြောင့် ကျေနပ်စရာပါဘဲ။ ယခုအချိန်မှာတော့ Disney ကပိုင်ဆိုင်တဲ့ universe တွေတော်တော်များများ ရှိနေပြီဆိုတော့ ခန့်မှန်းထားတာမမှားဘူး ဆိုရင် Kingdom Heart 3 ဟာစောင့်ရကျိုးနပ်တဲ့ game တစ်ခုဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။ သို့သော်လည်း Kingdom Heart 3 ကို PlayStation နဲ့ Xbox platform နှစ်ခုအတွက်သာ ဖြန့်ချီပေးမယ်လို့ ပြောထားတာကြောင့် PC သမားတွေအတွက်တော့ ဝမ်းနည်းစရာပါဘဲ။

2018 ရဲ့ console exclusive game တွေဟာ အခုအချိန်မှာတောင် တော်တော်စိတ်ဝင်စားဖွယ် ကောင်းနေတာကြောင့် 2018 ဟာ gamer တွေအတွက် console ဘက်ကိုလှည့်သွားမယ့် နှစ်တစ်နှစ်ဖြစ်သွားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ လက်ရှိအနေအထားအရဆိုရင်တော့ PlayStation စက်တစ်လုံးလောက် ရှိသင့်တဲ့ အနေအထားမှာရှိတာကြောင့် အခုထဲက ပိုက်ဆံစစုထားမှ တော်ရာကျမှပါ။ နောက်ထပ် platform သုံးမျိုးလုံးအတွက် ရနိုင်မယ့်နာမည်ကြီး game တွေကိုတော့ part 4 မှာ ဆက်လက်ဖော်ပြပေးသွားပါမည်။

 

Author: Ye Pyae Oo

YOU MAY ALSO LIKE

POPULAR POSTS

LATEST POSTS