Game Review

Kingdom Come: Deliverance

On Feb 19, 2018 03:44 pm, by admin

 

          Kingdom Come: Deliverance ဟာ Warhorse Studios မှရေးဆွဲ develop လုပ်ထားတဲ့ action role playing အမျိုးအစား video game တစ်ခု ဖြစ်ပါတယ်။ သူ့ကိုတော့ Deep Silver မှတာဝန်ယူကာ PC, PlayStation 4 နဲ့ Xbox One platform တွေအတွက် 2018, February 13 ရက်နေ့မှ စတင်ကာ ဖြန့်ချီပေးခဲ့ပါတယ်။

          Kingdom Come: Deliverance ကိုတော့ အလယ်ခေတ် ဥရောပတိုက်အတွင်းက Holy Roma Empire အင်အားကြီးကာလအတွင်းမှာ အခြေခံထားပါတယ်။ သူ့ရဲ့ ဇာတ်အိမ်ကိုတော့ 1403 ခုနှစ် Bohemia နိုင်ငံ (မျက်မှောက်ခေတ် Czech ပြည်သူ့သမ္မတနိုင်ငံ တည်ရှိရာနေရာ) မှာ အဓိကတည်ထားပါတယ်။ Kingdom Come: Deliverance အတွင်းက ဇာတ်လမ်းတွေ၊ အဝတ်အစားတွေ၊ တေးဂီတတွေဟာလည်း အဲ့ခေတ်အခါတုန်းက တကယ်ရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပုံစံတွေကို တတ်နိုင်သလောက်ထပ်တူကျအောင် တည်ဆောက်ရေးဆွဲ ထားပါတယ်။

          14 ရာစုအနှောင်းပိုင်းမှာ Holy Roman Empire (မျက်မှောက်ခေတ် Germany နိုင်ငံတည်ရှိရာ ဒေသ) ဟာ တစ်စတစ်စ အင်အားကြီးထွားလာပြီး ဥရောပတိုက် အရှေ့ပိုင်းကို ကျူးကျော်သိမ်းပိုက် နိုင်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ 1378 ခုနှစ်မှာ ဧကရာဇ် Charles IV ဟာ နတ်ရွာစံခဲ့ပြီးတော့ သူ့ရဲ့ သားအကြီးဆုံးဖြစ်တဲ့ Wenceslaus IV ဟာ ဧကရာဇ်အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ Wenceslaus ဟာ အပျော်အပါးလိုက်စားပြီး ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့ ဧကရာဇ်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ တိုင်းပြည်ဟာ တစ်စတစ်စ အင်အားချိနဲ့လာပါတယ်။ Wenceslaus ရဲ့ သွေးတစ်ဝက်တော်စပ်တဲ့ ညီအစ်ကိုလည်းဖြစ်၊ Hungary နဲ့ Croatia နယ်တွေကို အုပ်ချုပ်ရတဲ့ ဘုရင်ခံ Sigismund of Luxembourg ဟာ အဲ့ဒီအချက်ကို အခွင့်ကောင်းယူဖို့ ကြံစည်ပါတော့တယ်။ 1402 ခုနှစ်မှာ Sigismund ဟာ သူ့အစ်ကို Wenceslaus ရှိရာ Bohemia ကို တိတ်တဆိတ်လာရောက်ကာ Wenceslaus ကို ဖမ်းဆီးအကျဉ်းချပြီး ထီးနန်းကိုလုယူဖို့ ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ Bohemia ရဲ့ ပုလ္လင်ပေါ်မှာ ထိုင်ဖို့ဘုရင်မင်းဆက် ပျောက်ဆုံးခဲ့ပြီး Sigismund ဟာ ဧကရာဇ်အသစ်အဖြစ် နန်းတတ်ခဲ့ပါတယ်။ အဲ့ဒီလို အစီအစဉ်အောင်မြင်ခဲ့တဲ့ Sigismund ဟာလည်း သူ့ရဲ့ကိုယ်ပိုင် စစ်တပ်ရဲ့အားကိုးနဲ့ Bohemia နယ်တစ်ဝိုက်ကို လုယက်တိုက်ခိုက်ကာ ဒေသခံတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ငွေညှစ်ကာ မိုက်ချင်တိုင်းမိုက်ခဲ့ပါတော့တယ်။

          1403 ခုနှစ်အရောက်မှာတော့ Sigismund ရဲ့ လက်အောက်က ကြေးစားစစ်သည်တစ်စုဟာ သတ္တုတူးဖော်တဲ့ ရွာတစ်ရွာဖြစ်တဲ့ Skalitz ကို ဝင်ရောက်လုယက် တိုက်ခိုက်ပါတော့တယ်။ အဲ့ဒီလုယက်မှုအတွင်းမှာ ကြေးစားစစ်သည်တွေဟာ ရွာအတွင်းမှ ကလေးလူကြီးမချန်ဘဲ မြင်သမျှအကုန် သတ်ဖြတ်ခဲ့ပါတော့တယ်။ သို့သော်လည်း ငွေပန်းထိမ်တစ်ဦးရဲ့ သားဖြစ်တဲ့ Henry ဟာ ကံအားလျော်စွာ သတ်ဖြတ်မှုအတွင်းမှ တစ်ဦးတည်းသော လွတ်မြောက်သူဖြစ်လာပါတယ်။ သူ့မိသားစုတစ်စုလုံးကို ဆုံးရှုံးခဲ့ရတဲ့ Henry တစ်ယောက်ဟာ အဲ့ဒီတိုက်ခိုက်မှုကို သံတော်ဦးတင်ဖို့ နယ်စားကြီး Divish of Talmberg ဆီကို ထွက်ခွာလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သာမန်ကျေးလက်သားတစ်ဦးဖြစ်တဲ့ Henry တစ်ယောက် သူ့ရဲ့ကံကြမ္မာဟာ ဘယ်လိုအလှည့်အပြောင်း ဖြစ်လာမလဲ၊ Sigismund ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုကို လက်နက်ကိုင်တော်လှန်နေတဲ့ Radzig Kobyla နဲ့တွေ့ပြီး ဘာတွေဖြစ်လာမလဲ၊ သူ့မိသားစုကို သတ်သွားတဲ့ လူတွေအပေါ်ကိုလည်း ပြန်လည်လက်စား ချေနိုင်ပါ့မလား ဆိုတာတွေကိုတော့ player အနေနဲ့ Kingdom Come: Deliverance အတွင်းမှာ ကိုယ်တိုင်ပါဝင် ဆော့ကစားရမှာ ဖြစ်ပါတယ်။

          Kingdom Come: Deliverance အတွင်းမှာတော့ player ဟာ အဓိကဇာတ်ကောင် Henry နေရာကနေပြီးတော့ first person view နဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ Open world environment နဲ့ classless RPG system ကို အဓိကအသုံးပြုထားတဲ့ Kingdom Come: Deliverance မှာတော့ player အတွက် warrior, bard, thief ဆိုပြီးတော့ အဓိကရွေးချယ်စရာ class သုံးမျိုး ပါဝင်ပါတယ်။ Abilities နဲ့ stats တွေကတော့ ကိုယ်ရွေးချယ်တဲ့ class အလိုက် ပြောင်းလဲသွားမှာ ဖြစ်ပြီး ကိုယ်ရဲ့ abilities တွေကတော့ ကိုယ့်ရဲ့ in game အတွင်းမှာ လုပ်ဆောင်နိုင်မှုနဲ့ dialogue tree ပေါ်မူတည်ပြီး ရရှိမှာ ဖြစ်ပါတယ်။ NPC တွေနဲ့ စကားပြောဆိုတဲ့ အခါမှာလည်း player အနေနဲ့ dialog တွေကို ကိုယ်ကြိုက်ရာ ရွေးချယ်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ Dialog ရွေးချယ်ဖို့ အချိန်ဟာလည်း အကန့်အသတ်နဲ့ ဖြစ်သလို ကိုယ်ရွေးချယ်လိုက်တဲ့ dialog တွေပေါ်မူတည်ပြီး တခြား NPC တွေရဲ့ relationship stats တွေအပေါ်ကို သက်ရောက်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ရွေးချယ်လိုက်တဲ့ အရာတွေအပေါ် မူတည်ပြီးတော့လည်း character ရဲ့ reputation ဟာ လိုက်လံပြောင်းလဲနေမှာ ဖြစ်ပြီး ကိုယ့်ရဲ့ reputation အလိုက် အကျိုးဆက်များကို နောက်ပိုင်းမှာ ခံစားရမှာ ဖြစ်ပါတယ်။

          In game အတွင်းမှာတော့ player အတွက် item slot 16 ခု ပါဝင်ပါတယ်။ Clothing system မှာဆိုရင်လည်း armor တစ်ခုထဲကို ဝတ်ဆင်ရမှာ မဟုတ်ဘဲ တခြားအဝတ်အစား များကိုလည်း ထပ်ကာဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ (ဥပမာ heavy armor knight ပုံစံ ဝတ်ဆင်ဖို့ အတွက်ဆိုရင် အောက်ဆုံးကနေ gambeson ခေါ် ကိုယ်ကျပ်အကျီတစ်ထည် အရင်ဝတ်ဆင်ရပါတယ်။ ပြီးရင် chain mail နဲ့ သူ့ရဲ့အပေါ်က plate mail ထပ်ရပါမယ်။ နောက်ဆုံးကြမှ အပေါ်ဆုံးကနေ surcoat ကို ဝတ်ဆင်ရပါမယ်။) လက်နက်တွေ အနေနဲ့ကတော့ ဓား၊ ပေါက်ဆိန်၊ တင်းပုတ်၊ ဓားမြှောင်၊ လေးနဲ့မြှား စသဖြင့် မျိုးစုံပါဝင်ပါတယ်။ တစ်နေရာမှ တစ်နေရာသွားလာနိုင်ဖို့ မြင်းတွေလည်း ပါဝင်ပါတယ်။ သို့သော် တခြား role playing game တွေလို မြင်းကို လုံးဝဥဿုံထိန်းချုပ်လို့ရမှာ မဟုတ်ဘဲ ကိုယ်စီးနေတဲ့ အချိန်မှာတောင်မှ မြင်းတွေဟာ သီးခြား AI တစ်ခုပုံစံအနေနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

          Quest တွေကတော့ တကယ့်သမိုင်းကို အခြေခံရေးဆွဲထားတာကြောင့် non-linear ပုံစံမျိုးနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း mission တစ်ခုကိုတော့ ကိုယ်ရဲ့ role အလိုက်နည်းမျိုးစုံနဲ့ အောင်အောင် ဆော့နိုင်ပါတယ်။

 

 

          Kingdom Come: Deliverance ရဲ့ system requirement ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

Minimum system requirements

  • CPU: Intel CPU Core i5-2500K 3.3GHz, AMD CPU Phenom II X4 940
  • CPU SPEED: Info
  • RAM: 6 GB
  • OS: OS 64-bit Windows 7 or 64-bit Windows 8 (8.1)
  • VIDEO CARD: Nvidia GPU GeForce GTX 660, AMD GPU Radeon HD 7870
  • SOUND CARD: Integrated
  • FREE DISK SPACE: 30 GB

Recommended Requirements

  • CPU: Intel CPU Core i7 3770 3,4 GHz, AMD CPU AMD FX-8350 4 GHz
  • CPU SPEED: Info
  • RAM: 8 GB
  • OS: OS 64-bit Windows 7 or 64-bit Windows 8 (8.1)
  • VIDEO CARD: Nvidia GPU GeForce GTX 1060, AMD GPU Radeon RX 580
  • SOUND CARD: Integrated
  • FREE DISK SPACE: 30 GB

 

 

Personal review

          Kingdom Come: Deliverance ဟာ လက်ရှိအချိန် gaming လောကအတွင်းမှာတော့ တော်တော်လေး ရေပန်းစားနေပါတယ်။ သူ့ရဲ့လက်တွေ့ဆန်တဲ့ gameplay ကြောင့် ကြိုက်လှပါချည်ရဲ့ ဆိုတဲ့သူတွေဟာ တစ်ဖြည်းဖြည်း ပေါ်ထွက်လာနေလောက်အောင် နာမည်ကောင်းရနေပါတယ်။ သို့သော်လည်း Kingdom Come: Deliverance ဟာ 2018 February လအတွင်းမှာ ထွက်ခဲ့တဲ့ တခြားသော AAA game တွေထက် ပိုကောင်းတဲ့ game တစ်ခုဖြစ်ရဲ့လား ဆိုတာကိုတော့ ကျွန်တော်တို့တွေ တစ်ချက်လောက် ဆက်လက်ကြည့်ရှုကြည့် ကြရအောင်။

          Kingdom Come: Deliverance အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့အဓိကလက်နက်ဖြစ်တဲ့ လက်တွေ့ဆန်မှုကနေ စပြောရမှာပါဘဲ။ Kingdom Come: Deliverance ဟာ နဂါးတွေ၊ မှော်ပညာတွေ၊ မှော်ဝင်သတ္တဝါဆန်းကြီးတွေ တစ်ခုမှ ပါဝင်ထည့်သွင်းထားခြင်း မရှိပါဘူး။ အဲ့ဒီအတွက် ဘာတွေကို ထည့်ပေးထားလဲဆိုရင် ပြင်ပလောကနဲ့ လက်တွေ့ကျအောင် တတ်နိုင်သလောက် အသေးစိတ်လေးကအစ ဂရုစိုက်ထားမှုတွေ ပါဝင်တယ်လို့ ပြောရမှာပါဘဲ။ အဲ့ဒီလိုမျိုးဖြစ်အောင် သူ့ရဲ့ဇာတ်အိမ်ကအစ alternate universe နဲ့ timeline တွေမှာ တည်ထားတာမျိုးမလုပ်ဘဲ တကယ့်ဖြစ်ရပ်မှန်သမိုင်းကို တကယ့်သမိုင်းပညာရှင်တွေနဲ့ သေသေချာချာ တိုင်ပင်ပြီးတော့ ရေးသားတည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ ကြီးကြီးမားမား ပြောင်းလဲမှုတွေကို ရွေးချယ်လို့မရတဲ့ linear storyline ပုံစံနဲ့ ဆော့ကစားရမှာ ဖြစ်တာကြောင့် ကိုယ်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ရွေးချယ်ဆော့ကစားလိုတဲ့ သူအချို့ကတော့ သိပ်ပြီးအကြိုက်တွေ့မိမယ် မထင်ပါဘူး။ သို့ပေမယ့်လည်း linear gameplay ပုံစံမျိုး မဟုတ်ဘဲ storyline တစ်ခုဘဲ linear ဖြစ်မှာဆိုတော့ Kingdom Come: Deliverance ဟာ Fallout ထက် Dynasty Warrior ပုံစံနဲ့ ဆင်တယ်လို့တော့ ပြောလို့ရပါတယ်။

          Kingdom Come: Deliverance မှာ အကြိုက်တွေ့မိဆုံးအချက်ဖြစ်တဲ့ လက်တွေ့ဆန်မှုအပိုင်းကတော့ game ကို တစ်နှစ်နီပါးလောက် စောင့်မျှော်ရကျိုး နပ်ခဲ့ပါတယ်။ ဘယ်လောက်တောင် လက်တွေ့ဆန်လဲဆိုရင် တခြား open world RPG game တွေမှာ တွေ့ရခဲတဲ့ အသေးစိတ်လေးတွေကအစ သေသေချာချာကို ထည့်သွင်းပေးထားပါတယ်။ ကိုယ်ပစ္စည်းခိုးတာကို မိသွားရင် ထောင်ကျမယ်၊ ကိုယ်က ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်ပြီး ကိုယ်လုပ်တာ ဘယ်သူမှ မသိဘူးဆိုရင် အဲ့ပတ်ဝန်းကျင်က လူတွေရဲ့ အမူအကျင့်လှုပ်ရှားမှုတွေ ပြောင်းလဲလာမယ်၊ လူတစ်ယောက်နဲ့ စကားပြောနေတုန်း ဓားဆွဲထုတ်လိုက်မယ်ဆိုရင် တစ်ဖက်လူရဲ့ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားမယ်၊ ကိုယ်ရဲ့ ဂုဏ်သတင်းအလိုက် လူတွေရဲ့ ချီးမြှောက်ခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရမယ်၊ အိပ်ဖို့လိုမယ်၊ စားဖို့လိုမယ်၊ အစားအသောက်တွေကို မစားဘဲ ကြာကြာသိမ်းထားရင် ပုပ်သွားပြီး အဲ့ဒီအပုပ်တွေကို စားမိရင် အစာအဆိပ်သင့်မယ် စသဖြင့် simulation game တစ်ခုပုံစံမျိုးရအောင် ပုံဖော်ထားပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ကိုယ်ရေချိုးတဲ့အချိန် NPC တွေနဲ့ ဆက်ဆံပြောဆိုတာနဲ့၊ ရေတော်တော်ကြာအောင် မချိုးဘဲနေပြီး NPC တွေနဲ့ ဆက်ဆံပြောဆိုတာနဲ့မှာ မတူတဲ့အထိကို လက်တွေ့ဆန်အောင် လုပ်ထားတာပါ။ ဒီလိုမျိုး လက်တွေ့ဆန်အောင် လုပ်ပေးနိုင်တာနဲ့တင် game ဟာ တော်တော်လေးကောင်းမွန်နေပြီလို့ ပြောလို့ရပါတယ်။

          သူ့ရဲ့ graphic အပိုင်းဟာလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ Skyrim, Dark Souls လိုမျိုး မိုးမျှော်ရဲတိုက်ကြီးတွေကို မျှော်မှန်းထားရင်တော့ စိတ်ပျက်မိလောက်မှာပါ။ Kingdom Come: Deliverance မှာကတော့ အဲ့လိုမျိုး fantasy castles တွေလုံးဝမပါဝင်ဘဲ ဥရောပတိုက်အလယ်ခေတ်မှာ တွေ့ရတဲ့ ရဲတိုက်တွေနဲ့ မြို့တွေကို သမိုင်းစာအုပ်ထဲကအတိုင်း ထပ်တူကျအောင် လုပ်ထားတာတွေနဲ့ ဥရောပတိုက်အရှေ့ပိုင်းက သစ်တောကြီးတွေဘဲ ပါဝင်ပါတယ်။ ပါးစပ်အဟောင်းသား ဖြစ်စေမယ့် ကျုံးမျှော်စင်တွေ၊ ရဲတိုက်ကြီးတွေ မပါဝင်ပေမယ့် သူ့ရဲ့ ရိုးရှင်းလှပတဲ့ environment design ကိုတော့ သင်မချီးကျူးဘဲ မနေနိုင်လောက်ပါဘူး။ သစ်တောတွေထဲက ဓားပြစခန်းကအစ၊ နယ်စားကြီးနေတဲ့ ရဲတိုက်အဆုံးကို အသေးစိတ်ကအစ သေသပ်လှပအောင် ရေးဆွဲထားမှုတွေကို သင့်အနေနဲ့ Kingdom Come: Deliverance တစ်လျှောက်မှာ တွေ့မြင်ရမှာပါ။ သင့်ပတ်ဝန်းကျင်က ပစ္စည်းအရာဝတ္ထုတိုင်းဟာ သင့်ကို အလယ်ခေတ်ပြန်ရောက်သွားအောင် ပို့ဆောင်ပေးနိုင်ပါတယ်။

          လက်တွေ့ဆန်တယ်ဆိုလို့ Kingdom Come: Deliverance ကို simulation ချည်းသက်သက်လို့ ထင်နေရင် သင်မှားသွားမှာပါ။ သူ့ရဲ့ combat ဟာ တော်တော်လေးကို hardcore ဖြစ်ပါတယ်။ ဓားခုတ်တာ၊ ကာတာ၊ မြှားပစ်တာတွေဟာ သင့်ရဲ့တကယ့်အရည်အချင်းနဲ့ မှန်းဆတတ်မှုအပေါ်မှာ မူတည်ပါတယ်။ ဘယ်လောက်တောင်ခက်လဲဆိုရင် အမှားတစ်ခုလုပ်မိတာနဲ့ သင်သေသွားလောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ Player အနေနဲ့ game ဆော့နေတယ်ဆိုတဲ့ အတွေးကို ဖျောက်ပြီး အသက်ရှင်ဖို့အတွက် တကယ်ချနေရတယ်ဆိုတဲ့ အတွေးမျိုးထည့်နိုင်မှ တော်ကာကျပါလိမ့်မယ်။ အဲ့အတွေးကို ထည့်နိုင်အောင် ဖိအားပေးတဲ့အချက်ကတော့ game အတွင်းမှာပါတဲ့ limited save ပါဘဲ။ Kingdom Come: Deliverance မှာ save မှတ်ချင်တိုင်းမှတ်လို့မရပါဘူး။ save တစ်ခါမှတ်ဖို့ ဈေးကြီးတဲ့ Savior Schnapps လို့ခေါ်တဲ့ အရက်တစ်မျိုး လိုပါလိမ့်မယ်။ အဲ့ဒီ အရည်ဟာ ပေါပေါပဲပဲမရသလို ခဏခဏသောက်ရင်လည်း အရက်မူးသွားတတ်ပါတယ်။ အဲ့ဒါကြောင့် Kingdom Come: Deliverance အတွင်းမှာ save မှတ်ဖို့အတွက် နေရာမှန်အချိန်မှန် ဖြစ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ Hardcore ဖြစ်မှ ကြိုက်တယ်ဆိုတဲ့ သူတွေအတွက်ကတော့ Kingdom Come: Deliverance ရဲ့ combat system ဟာ တော်တော်လေးကို အာသာပြေစေမယ်လို့ ပြောလိုက်ပါရစေ။ အဲ့အတွက်ကြောင့်လည်း တော်ရုံတန်ရုံ casual gamer တွေ ကြောက်မသွားကြပါနဲ့ဦး။ Linear gameplay မဟုတ်တဲ့အတွက်ကြောင့် combat တွေကို တခြားနည်းလမ်းတွေနဲ့ တတ်နိုင်သမျှရှောင်နိုင်ပါတယ်။

          Kingdom Come: Deliverance ရဲ့ လက်ရှိအချိန်မှာ စိတ်ပျက်စရာ အကောင်းဆုံးအချက်ကို ပြောပါဆိုရင်တော့ buggy ဖြစ်လွန်းတယ်လို့ ပြောရမှာပါဘဲ။ နောက်ပိုင်း AAA game တွေဟာ bug တွေဗရပွနဲ့ ဖြန့်ချီခဲ့တာ အခုနောက်ပိုင်း game အားလုံးနီပါးက ကနဦးမှာ သိသာထင်ရှားတဲ့ bug တွေ မပါဘူးဆိုတာ မရှိသလောက်ပါဘဲ။ Kingdom Come: Deliverance ဟာလည်း လက်ရှိအချိန်မှာ တော်တော်လေးကို bug တွေနဲ့ ပြည့်နေပါတယ်။ ခြေထောက်နဲ့ မြေကြီးမထိဘဲ လမ်းလျှောက်တာအစ၊ နံရံတွေကြားထဲ ညှပ်သွားတာအလယ်၊ game တစ်ခုလုံး crash ဖြစ်သွားတာ အဆုံး စသဖြင့် bug ပေါင်းစုံဟာ လက်တလောမှာ game အတွင်း နေရာယူထားပါတယ်။ ဒီအချက်ဟာ Kingdom Come: Deliverance ရဲ့ ကောင်းတာတော်တော်များများကို ရိုက်ချိုးပစ်လိုက်တယ်လို့ ပြောလို့ရပါတယ်။ Bug ထတာကလွဲရင် Kingdom Come: Deliverance ဟာ နာရီပေါင်း 30-40 လောက် ဆော့ပျော်တဲ့ game တစ်ခုလို့ ပြောလို့ရပါတယ်။

          Kingdom Come: Deliverance ကို overall rating အနေနဲ့ လက်ရှိအချိန်မှာ 7.5/10 (Nice Game) လို့ သတ်မှတ်ပေမယ့် နောင်တစ်ချိန် update တွေမှာ bug တွေကို ပြင်ဆင်ပေးခဲ့မယ် ဆိုရင် 9/10 (Nearly Perfect) အဆင့်လောက်ရှိတဲ့ game တစ်ခုအဖြစ် သတ်မှတ်သင့်တယ်လို့ မြင်မိပါတယ်။

 

 

          Kingdom Come: Deliverance ဟာ gamer တိုင်းနီးပါး ဆော့သင့်တဲ့ game တစ်ခုပါ။ အခုအချိန်မှာတော့ bug တွေကြောင့် မဝယ်ချင်သေးဘူး ဆိုရင်တောင်မှ developer တွေဘက်က bug တွေကို စတင်ပြင်ပေးပြီးတဲ့ အချိန်လောက်ဆိုရင်တော့ တခြား game တွေထက် Kingdom Come: Deliverance ကို အရင်ဦးစားပေးပြီး ဆော့လိုက်ပါလို့ ပြောရင်းနဲ့ဘဲ နိဂုံးချုပ်လိုက်ပါတယ်။

 

Ye Pyae Oo

#RPG

YOU MAY ALSO LIKE