Game Review

Dynasty Warriors 9

On Feb 17, 2018 04:53 am, by admin

 

          Dynasty Warriors 9 ဟာ Omega Force မှ တာဝန်ယူပြီး ရေးဆွဲ develop လုပ်ထားတဲ့ hack and slash video game အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ သူ့ကိုတော့ Koei Tecmo မှတာဝန်ယူကာ PC, PlayStation 4 နဲ့ Xbox One platform တွေအတွက် February 13 ရက်နေ့မှ စတင်ပြီးတော့ ဖြန့်ချီပေးခဲ့ပါတယ်။

          Dynasty Warriors franchise ရဲ့ ကိုးခုမြောက် main entry ဖြစ်တဲ့ Dynasty Warriors 9 ကိုတော့ ထုံးစံအတိုင်း ဟန်မင်းဆက်ပြိုကွဲအပြီး တရုတ်ပြည်ရဲ့ မင်းသုံးဆက်ခေတ် စစ်ပြိုင်ကာလမှာဘဲ ဇာတ်အိမ် တည်ထားပါတယ်။ Playable characters တွေအနေနဲ့ကတော့ Dynasty Warriors 8: Empires ထဲမှာ ပါဝင်တဲ့ character တွေအပြင် နောက်ထပ် character အသစ်များလည်း ပါဝင်လာပါတယ်။ Dynasty Warriors 9 အတွင်းမှာလည်း ထုံးစံအတိုင်း Wei, Wu, Shu faction သုံးခုအတွင်းမှ character များအပြင် တခြားသော ထင်ရှားတဲ့ character များကိုလည်း ထိန်းချုပ်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

          AD 169 ကျော်ကာလအတွင်းမှာ တရုတ်ပြည်ကို အဓိကကြီးစိုးနေတဲ့ ဟန်မင်းဆက်ဟာ တဖြည်းဖြည်းနဲ့ အင်အားချိနဲ့ပြီး ပြိုကွဲလာပါတယ်။ အဲ့ဒီလိုနဲ့ တိုင်းပြည်အရပ်ရပ်မှာ ပုန်ကန်မှုတွေ ဖြစ်လာပြီး မကြာခင်မှာဘဲ Zhang Jiao ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ ဦးဆောင်ကာ Yellow Turban Rebellion လို့အမည်တွင်ခဲ့တဲ့ ပုန်ကန်မှုကြီးကို စတင်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ပုန်ကန်မှုကို နှိမ်နှင်းဖို့ စစ်သူကြီး He Jin ဟာ အနယ်နယ်အရပ်ရပ်က သူရဲကောင်းတွေ စစ်သည်တွေကို ပေါင်းစုပြီးတော့ စစ်ချီခဲ့ပါတယ်။ ပုန်ကန်မှုကို အောင်နိုင်ခဲ့ပြီး အချိန်ကာလ အနည်းငယ်ကြာပြီးနောက် Dong Zhuo လို့ခေါ်တဲ့ တပ်မှူးချုပ်တစ်ယောက်ဟာ အင်အားတန်ခိုးကြီးမားလာပြီး ဟန်မင်းဆက်ကို ခြိမ်းခြောက်လာပါတယ်။ အဲ့ဒီလို တဖြည်းဖြည်း တန်ခိုးအာဏာ ကြီးမားလာတဲ့ Dong Zhou ကိုတားဆီးဖို့အတွက် စစ်သူကြီး Yuan Shao မှဦးဆောင်ကာ Cao Cao, Liu Bei, Sun Jian တို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ တပ်မှူးချုပ် 18 ယောက်ဟာ Dong Zhou ရှိရာ Louyang ကို စစ်ချီလာပါတယ်။ အဲ့ဒီလို မဟာမိတ်တပ်ပေါင်းစုဟာ Dong Zhou ရဲ့ တပ်တွေကို Lu Bu ပါဝင်တဲ့ နာမည်ကြီး Hulao Gate တိုက်ပွဲမှာ အနိုင်ရခဲ့ပြီး မကြာခင်မှာဘဲ Dong Zhou ရဲ့ အာဏာစက်ကို ချုပ်ငြိမ်းစေနိုင်ခဲ့ပါတယ်။ Dong Zhou နဲ့အတူ Han မင်းဆက်ဟာ စတင်ကျဆုံးလာခဲ့ပြီး Cao Cao ဟာ နန်းတွင်းမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီး ကိုယ်ပိုင်မင်းဆက် တစ်ခုကိုထူထောင်ဖို့ ကြိုးစားလာပါတယ်။ မြောက်ပိုင်းမှာလည်း Yuan Shao ဟာ Gongsun Zan နဲ့ နယ်မြေလုတိုက်ပွဲတွေ ဆင်နွဲနေပါတယ်။ တစ်ချိန်တည်းမှာဘဲ Sun Jian ဟာ သူ့ရဲ့ Sun မိသားစုနာမည်နဲ့ တိုင်းပြည်တစ်ခု ထူထောင်ဖို့ ရည်ရွယ်ချက်ဖြင့် တောင်ပိုင်းမှာ Liu Biao ရဲ့ တပ်တွေနဲ့ တိုက်ပွဲတွေ ဆင်နွဲနေပါတယ်။ အဲ့ဒီလို တပ်မှူးတွေ အချင်းချင်းနယ်မြေလု တိုက်ပွဲတွေ ဆင်နွဲနေစဉ်ကာလအတွင်းမှာ Liu Bei, Zhang Fei နဲ့ Guan Yu တို့ သုံးယောက်ဟာလည်း တိုင်းပြည်နယ်မြေအသစ်တစ်ခု ထူထောင်ဖို့ ကျမ်းသစ္စာဆို၊ သွေးသောက်ညီအကိုတွေအဖြစ် ခံယူကာ သူ့တို့ရဲ့ ခရီးရှည်ကြီးကို စတင်ခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ Cao Cao ဦးဆောင်တဲ့ Wei တိုင်းပြည်၊ Liu Bei ဦးဆောင်တဲ့ Shu တိုင်းပြည်၊ Sun မိသားစု ဦးဆောင်တဲ့ Wu တိုင်းပြည်တို့ဟာ အချင်းချင်း တိုက်ပွဲတွေဆင်နွဲခဲ့ကြပြီး သမိုင်းတွင်ခဲ့တဲ့ သုံးပြည်ထောင် ပြည်တွင်းစစ်ကာလကို စတင်ခဲ့ပါတယ်။ Dynasty Warriors 9 အတွင်းမှာ player အနေနဲ့ကတော့ ပြည်တွင်းစစ်တစ်လျောက် ကိုယ်ရွေးချယ်ခဲ့တဲ့ faction အတွင်းက ကိုယ်ရွေးချယ်ထားတဲ့ character နေရာကနေပြီးတော့ ဆော့ကစားရမှာ ဖြစ်ပါတယ်။

          Dynasty Warriors 9 မှာတော့ player ဟာ ကိုယ်ရွေးချယ်ထားတဲ့ character ကို third person view ကနေပြီးတော့ ထိန်းချုပ်ကစားရမှာ ဖြစ်ပါတယ်။ အရင် Dynasty Warriors game တွေနဲ့ မတူတော့တဲ့ တစ်ချက်ကတော့ Dynasty Warriors 9 ဟာ Hack and slash video game အမျိုးအစား တစ်ခုဖြစ်ပေမယ့် stealth element ကိုလည်း တစ်ခါတစ်လေမှာ အဓိကအားထားပြီး ဆော့ကစားရမှာ ဖြစ်ပါတယ်။ ပြီးတော့ မြေပုံတွေဟာ mission တစ်ခုကို မြေပုံတစ်ခု ပုံစံမျိုး မဟုတ်တော့ဘဲ open world environment ပုံစံမျိုး ဖြစ်သွားပါတယ်။ မြေပုံအကြီးကြီး အတွင်းမှာဘဲ mission တွေ event တွေဟာ ဖြစ်နေမှာဖြစ်ပြီးတော့ တစ်နေရာမှ တစ်နေရာကိုတော့ ခြေကျင်ဖြစ်စေ၊ မြင်းနဲ့ဖြစ်စေ၊ လှေဖြင့်ဖြစ်စေ သွားလာနိုင်ပါတယ်။ ထို့အပြင် fast travel option တွေလည်း ပါဝင်လာပါတယ်။

          မြေပုံအတွင်းမှာတော့ player အနေနဲ့ ရန်သူတွေကို ဝင်တိုက်တာ၊ ရန်သူ့စခန်းအတွင်းကို တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်တာ၊ main event တိုက်ပွဲတွေအတွင်းမှာ ဝင်ရောက်ပါဝင်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ပြီးတော့ အချိန်နဲ့အလိုက် နေ့နဲ့ညပြောင်းလဲတဲ့ day and night cycle နဲ့ ရာသီဥတုတွေ ပြောင်းလဲတဲ့ dynamic weather system လည်း ပါဝင်လာပါတယ်။ ညဘက်နဲ့ မိုးရွာတဲ့ အချိန်တွေမှာ ဆိုရင်တော့ ရန်သူတွေရဲ့ vision range ဟာ တိုသွားမှာ ဖြစ်ပါတယ်။ Main Quest တွေရဲ့ difficulty တွေကိုတော့ သူ့နဲ့သက်ဆိုင်တဲ့ side quest တွေကို အောင်အောင်လုပ်ပြီး လျော့ချနိုင်ပါတယ်။

          Player အတွက် ကိုယ်ပိုင် hideout အိမ်တွေ ပါဝင်လာပြီး အဲ့အိမ်အတွင်းမှာ customize လုပ်အလှဆင်ပြီး in game အတွင်းမှာ effect ဖြစ်စေမယ့် ability များကို ရယူနိုင်ပါတယ်။ ပြီးတော့ ငါးမျှားတာ၊ အမဲလိုက်တာ၊ လက်နက်တွေကို upgrade လုပ်ဖို့ material တွေကိုလိုက်ရှာတာ စတဲ့ non-combat activities တွေလည်း ပါဝင်လာပါတယ်။

          Combat system ကတော့ အရှေ့ game တွေထဲက ပုံစံမျိုးကို ပြန်တွေ့ရမှာ ဖြစ်ပါတယ်။ Attack အတွက်ကတော့ flow attack, react attack နဲ့ counter attack key တွေပါဝင်မှာ ဖြစ်ပါတယ်။ Defense အတွက် Block mode နဲ့ range အတွက် bow attack လည်း ပါဝင်ပါသေးတယ်။ Player ကစားနိုင်တဲ့ mode တွေအတွက်ကတော့ Story Mode နဲ့ Free Mode တို့ကို ထည့်သွင်းပေးထားပါတယ်။

          Dynasty Warriors 9 ရဲ့ system requirement ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Minimum system requirements:

CPU: Core i5 2400 or over

RAM: 6 GB RAM

GPU: NVIDIA GeForce GTX 660 or over

DX: Version 11

OS: Windows 7/8.1/10 64bit

Store: 50 GB available space

Sound: 16 bit stereo, 48KHz WAVE file can be played

 

Recommended system requirements:

CPU: Core i7 3770 or over

RAM: 8 GB RAM

GPU: NVIDIA GeForce GTX 1060 or over

DX: Version 11

OS: Windows 7/8.1/10 64bit

Store: 50 GB available space

Sound: 16bit 5.1ch Surround, 48KHz WAVE file can be played

 

 

Personal Review

          Gamer တိုင်းနီးပါးရဲ့ ဘဝတစ်ဆစ်ချိုးအကွေ့မှာ Lu Bu ဟာ တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့မှာပါ။ PlayStation 2 ခေတ်တုန်းက မသိသူရှားခဲ့တဲ့ Dynasty Warriors game တွေဟာ နောက်ပိုင်းမှာ platform အမြင့်တွေအတွက်ဘဲ ထုတ်တော့တာကြောင့် popular ဖြစ်မှု နည်းခဲ့တာတွေ၊ နောက်ဆုံး Dynasty Warriors game ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ထွက်ခဲ့တာတွေကြောင့် gamer တော်တော်များများဟာ Lu Bu နဲ့မတွေ့တာ တော်တော်ကြာနေလောက်ပါပြီ။ အခုအချိန်မှာ Dynasty Warriors 9 ထွက်လာပြီဆိုတော့ ဝယ်ဆော့သင့်မသင့်ကို တစ်ချက်လောက် ဆက်ကြည့်ကြည့်ကြရအောင်။

          Dynasty Warriors 9 ရဲ့ အားရစရာအကောင်းဆုံး ပြောင်းလဲမှုကြီး တစ်ခုကတော့ သူ့ရဲ့ open world system ပါဘဲ။ အရင်လို mission တစ်ခုကို မြေပုံတစ်ခု မဟုတ်တော့ဘဲ တရုတ်ပြည်က မြေမျက်နှာသွင်ပြင်တွေကို အခြေခံထားတဲ့ မြေပုံကြီးတစ်ခုအတွင်းမှာဘဲ mission တွေနဲ့ event တွေကို တွေ့ရတဲ့ open world role playing game ပုံစံမျိုးကို တွေ့ရတာကြောင့် Dynasty Warriors fans တွေကတော့ ဒီပြောင်းလဲမှုကြီးကို တော်တော်လေး အကြိုက်တွေ့မိကြမယ်လို့ ထင်မိပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာ တစ်ခုကိုပြောရမယ် ဆိုရင်တော့ open world game ကောင်းကောင်း ဖြစ်မလာတာပါဘဲ။ မြေပုံကြီးဟာ အရွယ်အစားအရသာ ကြီးမားပြီး လုပ်စရာ quest တွေ၊ activities တွေဟာ ယှဉ်လိုက်မယ်ဆိုရင် လက်တစ်ဆုပ်စာမျှသာ ရှိပါတယ်။ အဲ့ကြတော့ အရှေ့ game တွေကလို mission တစ်ခု မြေပုံတစ်ခုက ပိုပြီးတော့တောင် ကောင်းနေသယောင်ယောင် မြင်မိပါသေးတယ်။ ဒါကတော့ player ရဲ့ စိတ်အပေါ်ဘဲ မူတည်တာကြောင့် အရမ်းကြီးထွေထွေထူးထူး မပြောတော့ပါဘူး။

          Dynasty Warriors 9 မှာ နောက်ထပ်ပါဝင်လာတာ တွေကတော့ non-combat activities တွေပါဘဲ။ အဲ့ဒါတွေထဲမှာ ဘာတွေပါလဲဆိုတော့ ငါးမျှားတာ၊ အမဲလိုက်တာ၊ ကိုယ့်ရဲ့ အိမ်လေးကို အလှဆင်တာ၊ collectable တွေကို လိုက်ပြီးရှာတာ ပါဝင်ပါတယ်။ အဲ့ဒါတွေလုပ်ရင် ဘာတွေရလာမလဲဆိုရင်တော့ in game အတွင်းမှာ ကိုယ်ကိုင်နေတဲ့ character ရဲ့ stats တွေတိုးတာ၊ buff တွေရတာ၊ လက်နက်အကောင်းတွေ လုပ်လို့ရသွားတာ၊ ကိုယ့်ဘက်က ally NPC တွေရဲ့ stats တွေတိုးတာတွေကို ရတယ်လို့ဘဲ ပြောလိုက်ပါရစေ။ ဒီလို non-combat activities တွေဟာ အားရစရာ အသစ်ပါဝင်မှုတွေ မဟုတ်ပေမယ့် တစ်ချိန်လုံး ခုတ်ထစ်သတ်ဖြတ်နေရတာကို ငြီးငွေ့လာပြီး စိတ်ပြေလက်ပျောက် break time ယူတာအတွက်လောက် ဆိုရင်တော့ အပျင်းပြေပါတယ်။ ကိုယ့်အိမ်ကို အလှဆင်ရတာကလည်း ဆင်နိုင်ရင် ဆင်နိုင်သလောက် in game အတွင်းမှာ အကျိုးရှိတာကြောင့် မလိုအပ်တဲ့ ပါဝင်မှုလို့ ပြောလို့မရပါဘူး။ သို့သော်လည်း non-combat activities တွေမှာ puzzle တွေပါဝင်မှု မရှိတာ၊ challenge သိပ်မဖြစ်တာကြောင့် သိပ်ပြီးအားမရလိုက်ပါဘူး။

          Graphic အပိုင်းကတော့ အရင် Dynasty Warriors game တွေနဲ့ ယှဉ်လိုက်ရင် ပိုကောင်းတယ်ဆိုတာကတော့ သိပ်ပြီးထူးခြားတဲ့ ကိစ္စမဟုတ်ပါဘူး။ Character တွေရဲ့ ဒီဇိုင်းပုံစံတွေကလည်း တစ်ခါထက်တစ်ခါ ပိုပိုမိုက်လာပါတယ်။ ဒါပေမယ့် လုံးဝလန်ပြန်ထွက်နေတဲ့ graphic အဆင့် ရှိလားမေးရင်တော့ မရှိလောက်ဘူးလို့ဘဲ မြင်မိပါတယ်။ Environment quality ဟာ အညံ့ကြီးမဟုတ်ပေမယ့် ဒီအတိုင်း ဘာမှမလုပ်ဘဲ explore လုပ်ရလောက်အောင်တော့ breathtaking မဖြစ်ဖူးလို့ မြင်မိပါတယ်။ အဆောက်အဦးတွေရဲ့ ဒီဇိုင်းတွေကလည်း လန်းပေမယ့် အဲ့ခေတ်က တရုတ်ပြည်ရဲ့ အငွေ့အသက်ကို ပေါ်လွင်အောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ နောက်ပိုင်း update တွေမှာ graphic improvement ဖြစ်လာမလား မသိသေးပေမယ့် အခုလက်ရှိအနေအထားကတော့ 2018 AAA game တစ်ခုအတွက် အားရစရာ မရှိသေးတာကတော့ အမှန်ပါဘဲ။ အဆိုးဆုံးကတော့ voice acting တွေပါဘဲ။ Language ကို English နဲ့ ဆော့ရင်ကြားရတဲ့ voice acting တွေဟာ တော်တော်လေး စိတ်ဓာတ်ကျစရာ ကောင်းပါတယ်။ အသံသရုပ်ဆောင်တွေက ပြောချင်တာလိုလို မပြောချင်တာလိုလို၊ အိပ်ချင်နေတာလိုလို ပုံစံမျိုးတွေ ဖြစ်နေတော့ ဆော့ရတာတောင် ဖီးလ်ငုတ်ပါတယ်။ Japan နဲ့ Chinese language တွေနဲ့ ဆော့ရင်တော့ voice acting အပိုင်းဟာ အသက်ဝင်တယ်လို့ ထင်မိပါတယ်။ (ကိုယ်တိုင်ကလည်း အဲ့ဘာသာတွေကို နားမလည်လို့ အဲ့လိုမျိုးထင်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။)

          Combat အပိုင်းမှာကတော့ အသစ်ပါဝင်တာတွေ၊ အနည်းငယ် ပြောင်းလဲသွားတာတွေ ရှိတယ်ဆိုပေမယ့် Dynasty Warriors game တစ်ခုလောက် ဆော့ဖူးတဲ့ သူတွေအတွက်ကတော့ စိမ်းသက်သက်ကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။ Combat တစ်ခုလုံးကို ခြုံပြောရရင် hack and slash game တစ်ခုအနေနဲ့ ဆိုရင်တော့ ကောင်းမွန်လုံလောက်ပေမယ့် open world game တစ်ခုအနေနဲ့ ဆိုရင်တော့ လိုအပ်ချက်တွေ ရှိသေးတယ်လို့ မြင်မိပါတယ်။

          Dynasty Warriors 9 ဟာ လုံးဝ single player game လုံးလုံးဖြစ်သွားပါပြီ။ Online ဖြစ်မှ ဆော့လို့ရတဲ့ multiplayer mode တွေမပါဝင်ဘူး ဆိုပေမယ့် split screen multiplayer mode တွေလည်း မပါဝင်တော့တာကြောင့် PlayStation နဲ့ XBox စက်တွေမှာ သူငယ်ချင်းနှစ်ယောက် အတူတူဆော့ဖို့ အားခဲထားရင်တော့ စိတ်ပျက်သွားမှာပါလို့ဘဲ ပြောချင်ပါတယ်။

          Dynasty Warriors 9 ကို overall rating ပေးရမယ် ဆိုရင်တော့ 6/10 (Not Good but Not Bad) လောက် အဆင့်ရှိတယ်လို့ မြင်မိပါတယ်။